MSME Development Dialogue: “From Preparation to Penetration” “ပြင်ဆင်ခြင်းမှသည် ဈေးကွက်ဝင်ရောက်ခြင်းဆီသို့” စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကုန်သည်စက်မှုအသင်းချုပ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် ဧရာဝတီဘဏ် (AYA Bank) တို့ ပူးပေါင်းကျင်းပသည့် ဒုတိယအကြိမ်မြောက် MSME Development Dialogue: “From Preparation to Penetration” “ပြင်ဆင်ခြင်းမှသည် ဈေးကွက်ဝင်ရောက်ခြင်းဆီသို့” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ကုန်သည်စက်မှုအသင်းချုပ်၏ ယနေ့စကားဝိုင်း ဆွေးနွေးပွဲသည် လတ်တလောဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ်မြောက် MSME Development Dialogue ဖြစ်ပါကြောင်း၊ ယနေ့ Panel Discussion ကိုနားထောင်ခြင်းအားဖြင့် အသိပညာဗဟုသုတများ ရရှိနိုင်သကဲ့သို့ MSME လုပ်ငန်းရှင်များအချင်းချင်း Networking ချဲ့ထွင်နိုင်မည်ဖြစ်ပါကြောင်း၊ အသင်းချုပ်အနေဖြင့် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနိုင်သဖြင့် များစွာဂုဏ်ယူဝမ်းမြောက်ပြီး ဧရာဝတီဘဏ်ကိုလည်း ကျေးဇူး တင်ပါကြောင်း ပြောကြားခဲ့သည်။
ဒေါ်အင်ကြင်းခိုင် - (Marketing Director, TOP Cashew Nut & Cashew Brittle)
''ကျွန်မရဲ့ Cashew Brittle ကို စထွင်လိုက်တယ်၊ မိတ်ဆွေတွေကို ကျွေးတယ်၊ သူတို့ကကြိုက်တယ်၊ အော်ဒါမှာကြတယ်၊ အော်ဒါတွေများလာပြီး တစ်ယောက်တည်း လုပ်တာမနိုင်တော့ လူခေါ်ပြီး သူတို့ကိုသင်ပေးပြီး ဆက်လုပ်တယ်၊ အိမ်နားက စတိုးဆိုင်လေးတွေကို လိုက်ရောင်း၊ လိုက်စပ်တယ်။ ကျွန်မထုတ်တာက သီဟိုဠ်စေ့မို့လို့ ဈေးကြီးတော့ အိမ်ဆိုင်လေးတွေက မဝယ်ဘူး၊ မတင်ပေးဘူး။ ဒါပေမယ့် ကျွန်မက ကိုယ့်ပစ္စည်း အရသာကောင်းတယ်၊ ကိုယ့်ပစ္စည်းအားသာချက်တွေကို ယုံကြည်ပြီး City Mart ကို သွားရောင်းကြည့်တယ်၊ မရောင်းရဘူး၊ ကျွန်မ ဇွဲမလျှော့ဘဲ တစ်ပတ်လောက် အဲ့ဒီရှေ့မှာထိုင်ပြီး သူတို့ဆီမှာ ပစ္စည်းတင်ရောင်းပေးဖို့ အမျိုးမျိုးကြိုးစားပြီး တစ်ပတ်ကြာပြီးတော့ ရောင်းပေးမယ်ဆိုပြီး လက်ခံသွားတယ်။ ကျွန်မ စထုတ်ချင်းမှာ Labeling တွေမပြည့်စုံဘူး။ ကိုယ်က ရောင်းချင်တာပဲသိတာ။ နောက်ပိုင်း ကိုယ့်ပစ္စည်းရောင်းရပြီ၊ ဆက်ရောင်းချင်တယ်ဆိုရင် စားသောက်ကုန်ဆိုတော့ FDA ထောက်ခံချက်တွေ၊ Hala ထောက်ခံချက်တွေ၊ Barcode တွေ စတဲ့လိုအပ်တာတွေကို လုပ်ပေးသင့်ပါတယ်၊ နောက်ပိုင်း ပစ္စည်းရောင်းတဲ့အခါ သက်တမ်းတိုးသွားပြီး ကိုယ့်ပစ္စည်းလေးက ဈေးကွက်မှာ အေးအေးဆေးဆေး ရောင်းချသွားရုံပါပဲ။''
ဦးဝင်းမြင့်အောင် - (Group Corporate Affairs Director, City Holding Limited)
“MSME တစ်ခုလုပ်ရင် Network ရှိရမယ် ၊ မိမိပစ္စည်းရဲ့သဘာဝအရ မိမိပစ္စည်းရဲ့ Customer ဆီ ရောက်အောင်လုပ်ရမယ်။ ဒီမှာ Modern Trade (City Mart,လက်လီလုပ်ငန်း) လည်း အရေးပါသလို သာမန် Traditional Trade (သာမန်ဈေးဆိုင်များ) သည်လည်း အရေးပါတယ်၊ ကိုယ့်ကုန်ပစ္စည်းက ဒီနှစ်ခုလုံးကို ရောက်အောင်လုပ်ရမယ်၊ Market ထဲကို ဘယ်လိုဝင်မလဲ၊ မတူညီတဲ့ဆိုင်တွေကို ဘယ်လို Channel တွေနဲ့ဝင်မလဲ ၊ ဆိုင်ကြီးတွေဆီရောက်သွားဖို့လည်းအရေးကြီးသလို ဆိုင်ကြီးတွေဆီက ဖြုန်းအားတစ်ခုနဲ့ ပြန်ဆင်းဖို့လည်း လိုပါတယ်၊ အဓိက ထုတ်လုပ်သူတွေ ကြည့်သင့်တာကတော့ စားသုံးသူတွေဘာကြိုက်သလဲ ကိုယ့်ပစ္စည်းတွေကို ဘာကြိုက်သလဲ ၊ ပြိုင်ဘက်တွေရှိရင်လည်း ပြိုင်ဘက်တွေထက် ဘယ်လိုသာအောင် လုပ်မလဲ၊ ဘယ်လို ဖန်တီးမှုမျိုး လုပ်နိုင်မလဲ၊ အကောင်းဆုံးဖြစ်အောင် ဘာထုတ်မလဲ ဒါတွေလည်း အရေးပါတယ်”
ဦးနေလင်းထွဋ် - (Chief Credit Officer, AYA Bank)
“ဘဏ်အနေနဲ့ လုပ်ငန်းရဲ့အောင်မြင်နိုင်စွမ်းကိုကြည့်ပါတယ်၊ လုပ်ငန်းအရ ဆက်လက် ချဲ့ထွင်ဖို့ loan ပေးတဲ့အခါ ဘဏ်က လုပ်ငန်းတစ်ခုကို Financial ပိုင်းနဲ့လည်း ကြည့်သလို ၊ လုပ်ငန်းရဲ့ Character ပိုင်းလည်းကြည့်ပါတယ်၊ ယုံကြည်ရတဲ့ Character ဖြစ်ဖို့လိုပါတယ်၊ ပြီးတော့ Marketability ကိုလည်းကြည့်ပါတယ်၊ ကုန်ပစ္စည်းက Market ထဲမှာ ထိုးဖောက်လို့ရှိရင် ကိုယ့်ရဲ့ အားသာချက်က ဘာရှိမလဲ၊ Market မှာ ဘယ်လောက် အောင်မြင် နိုင်သလဲ ကြည့်တာပါ၊ လုပ်ငန်းများက Financial Statement လိုပါတယ်၊ နောက်ဆုံး ကိုယ်ရဲ့ အရောင်းစာရင်း၊ အဝယ်စာရင်း၊ ပေးရန်ရှိစာရင်းတွေကို စာအုပ်နဲ့ပဲဖြစ်ဖြစ်၊ Excel နဲ့ပဲဖြစ်ဖြစ် မှတ်ထားသင့်ပါတယ်''
ဦးသန့်ဇော်ကို (President, Myanmar Barcode Association)
''လုပ်ငန်းသေးသေးလေးတွေ စတင်တဲ့အခါ (၁) ထုတ်ကုန်ပစ္စည်း (Product) ရှာဖို့ ၊ (၂) ထုတ်ကုန် ရောင်းချမယ့်နေရာ/ ရောင်းချမယ့်ပုံစံ၊ (၃) Product ထုတ်ပြီးရောင်းပြီးတဲ့နောက် ရေရှည်ထိန်းသိမ်းဖို့ ဆိုပြီး အဆင့် (၃) ဆင့်လိုအပ်မှာဖြစ်ပါတယ်။ စစချင်းကိုယ်ရောင်းမယ့် Product က ကိုယ်လုပ်ချင်တာ/ လုပ်တတ်တာထက် သူများလိုအပ်နေတဲ့ထုတ်ကုန်ကို ဦးစားပေး ကြိုးစားပြီး ထုတ်ရမှာဖြစ်ပါတယ်။ ဒါကNo.1 Rule ပါ၊ဘယ်လောက်ပဲ ငွေဝင်ဝင် မှန်မှန်ကန်ကန်မထိန်းသိမ်းနိုင်ဘူး၊ မတွက်ချက်နိုင်ဘူး၊ မလုပ်တတ်ဘူးဆိုရင် ဒါကအလကားပဲ။ ဒါကြောင့် No.2 Rule က စာရင်းဇယားတိတိကျကျဖြစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့် Product ကို Modern Trade မှာပဲ ရောင်းမှာလား၊ တစ်နိုင်ငံလုံးကို ဖြန့်မှာလား၊ တစ်ကမ္ဘာလုံးကို ဖြန့်မှာလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ပြီး လိုအပ်တဲ့ ထောက်ခံချက် လက်မှတ်တွေ၊ Identification တွေကို ပြင်ဆင်ထားရမှာဖြစ်ပါတယ်။''
ဖြစ်ပါကြောင်း စကားဝိုင်းဆွေးနွေးပွဲ၏ ဆွေးနွေးချက်များအား ကောက်နှုတ်တင်ပြအပ်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်၊ MSME Service Center