Economic Research Institute for ASEAN and East Asia (ERIA) ၏ ၂၀၂၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် “Focus Areas and Support for Small and Medium-sized Enterprises” မှ ကောက်နုတ်ချက်များ

ADB ၏ ၂၀၂၀ ခုနှစ်တွင် ခန့်မှန်းချက်အရ MSME လုပ်ငန်းများသည် ဝန်ဆောင်မှုကဏ္ဍရှိ လုပ်ငန်းများ၏ ၆၁ % မှ ၈၉ % ဖြစ်ကြပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၏ ၅% မှ ၁၇% ခန့် ဖြစ်ကြသည်။ တစ်နည်းအားဖြင့် MSME လုပ်ငန်းအများစုသည် ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများဟူ၍ ဆိုနိုင်ပါသည်။ ယင်း MSME များသည် ယေဘုယျအားဖြင့် ကုန်သွယ်မှုမပြုသည့် (Non-Tradable) လုပ်ငန်းများ ဖြစ်ကြသောကြောင့် RCEP ၏ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ သဘောတူ ဆောင်ရွက်ချက်များထံမှ အကျိုးအမြတ်များကို တိုက်ရိုက်ရရှိနိုင်မှု အလွန်နည်းပါးသည်။
MSME များသည် အကြီးစားလုပ်ငန်းများနှင့် နှိုင်းယှဉ်လျှင် ကုန်ထုတ်စွမ်းအားနိမ့်ကျပြီး ပြည်ပပို့ကုန် အတွက် အလားအလာနည်းသောကြောင့် RCEP ကဲ့သို့သော လွတ်လပ်သော ကုန်သွယ်မှုသဘောတူ စာချုပ် (FTAs) များသည် အကြီးစားလုပ်ငန်းများအတွက်ပိုမို အကျိုးဖြစ်ထွန်းစေနိုင်သည်။ ကုန်ကျစရိတ်သက်သာပြီး အရည်အသွေးမြင့်သည့် ကုန်ကြမ်းများ၊ သွင်းအားစုများနှင့် တစ်ဝက်တစ်ပျက် ကုန်ချောများကို ပိုမိုရရှိနိုင်ခြင်းကဲ့သို့ သွယ်ဝိုက်သော အခွင့်အရေးများကို MSME များသည် RCEP မှရရှိနိုင်သည်။ ထိုကဲ့သို့အခွင့်အရေးပင်လျှင် အကြီးစားလုပ်ငန်းများက MSME များထက် ပိုမိုရရှိကြသည်။ ထို့အပြင် ပုံသေစရိတ်စက (Fixed costs) များကျေနိုင်သည့် Economy of Scale လည်း ရရှိနိုင်ရန် မလွယ်ကူသည့်အပြင် ဆန်းသစ်တီထွင်မှုဆိုင်ရာ လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန်မှာလည်း ခက်ခဲပါသည်။ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများ လျော့ကျသွားခြင်းကြောင့် ပြည်တွင်းအခြေစိုက် MSME လုပ်ငန်းများအပေါ် ပြိုင်ဆိုင်မှုဆိုင်ရာ ဖိအားများ သက်ရောက်လာခြင်းသည် ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံများအနေဖြင့် အဓိကရင်ဆိုင်ရမည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
MSME ဆိုင်ရာသဘောတူညီမှုများ
RCEP စာချုပ်၏ အခန်း (၁၄) သည် MSME များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် ဖြစ်ပေါ်လာမည့် ကုန်သွယ်ရေးဆိုင်ရာအခွင့်အရေးများကို အပြည့်အဝ အသုံးချနိုင်ရန် ရည်ရွယ်ကာ ရေးထိုးထားသည့် သဘောတူညီချက်ဖြစ်သည်။ ထိုရည်ရွယ်ချက်များပြည့်မီရန် သဘောတူညီချက် အရ ဆောင်ရွက်ကြမည့် ချဉ်းကပ်မှုပုံစံနှစ်ခုမှာ (က) သတင်းအချက်အလက် မျှဝေခြင်းနှင့် (ခ) ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း ဟူ၍ဖြစ်သည်။
(က) သတင်းအချက်အလက် မျှဝေခြင်း
အများသူငှာ လက်လှမ်းမီနိုင်သော Information ပလပ်ဖောင်းတစ်ခုကို တည်ထောင် ထိန်းသိမ်းကာ အသိပညာ၊ အတွေ့အကြုံများနှင့် အလေ့အကျင့်ကောင်းများကို အဖွဲ့ဝင်များအကြား မျှဝေဖလှယ်ခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်သည်။ ယင်းပလပ်ဖောင်းမှတဆင့် မျှဝေသွားမည့် သတင်းအချက်အလက်များမှာ - RCEP သဘောတူညီချက်ပါ စာသားအပြည့်အစုံနှင့်တကွ - MSME များနှင့် သက်ဆိုင်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် - ၎င်းလုပ်ငန်းများအကျိုးရှိမည့် အခွင့်အလမ်းနှင့် အချက်အလက်တို့ဖြစ်သည်။
(ခ) ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း
အဖွဲ့ဝင်များအကြား MSME များအတွက်ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားသည့် လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည် -
· လွယ်ကူချောမွေ့ပြီး ပွင့်လင်းမြင်သာသော ကုန်သွယ်မှု စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်း များကို ထိရောက်လျှင်မြန်စွာ အကောင်အထည်ဖော်ရန် အားပေးတိုက်တွန်းခြင်း။
· စျေးကွက်အသီးသီးသို့ လက်လှမ်းမီကာ ကမ္ဘာ့တန်ဖိုးမြင့်ကွင်းဆက် (Value Chain) များတွင် ပါဝင်လုပ်ကိုင်နိုင်ရန် စီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် လွယ်ကူချောမွေ့စေရေးကို အားပေးခြင်း။
· MSME များ၏ E-Commerce အသုံးပြုမှု မြှင့်တင်ခြင်း။
· အဖွဲ့ဝင်များအကြား စွန့်ဦးတီထွင်မှု အစီအစဉ် (entrepreneurial programme) များဖြင့် အတွေ့အကြုံများ ဖလှယ်နိုင်မည့် အခွင့်အလမ်းများကို ဖော်ထုတ်ခြင်း။
· ဆန်းသစ်တီထွင်မှုနှင့် နည်းပညာအသုံးပြုမှုကို အားပေးခြင်း။
· MSME များအကြား ဉာဏပစ္စည်းမူပိုင်ခွင့်စနစ်ကို အသိပညာပေးမှု၊ နားလည်မှုနှင့် ထိရောက်စွာ အသုံးပြုမှုတို့ကို မြှင့်တင်ခြင်း။
· MSME များဖွံ့ဖြိုးစေမည့် စည်းမျဉ်းစည်းကမ်း၊ မူဝါဒနှင့် အစီအစဉ်များ ဖော်ဆောင်နိုင်ရန် အလေ့အကျင့်ကောင်းများနှင့် စွမ်းဆောင်ရည်များမြှင့်တင်ပေးခြင်း။
· MSME များ၏ စွမ်းရည်နှင့်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည့် အလေ့အကျင့် ကောင်းများကို မျှဝေပေးခြင်း တို့ဖြစ်ပါသည်။
MSME ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကဲဖြတ်ခြင်း
အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံအလိုက် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် MSME ဆိုင်ရာ မူဝါဒများကိုလည်း အကဲဖြတ်နိုင်ပါက ပူးပေါင်းဆောင်ရွက်မှုတွင် များစွာအကျိုးရှိမည် ဖြစ်သည်။ ထိုသို့ပြုလုပ်ရန် SME မူဝါဒအညွှန်းကိန်း (SME Policy Index) ၂၀၁၈ သည် လွန်စွာအသုံးဝင်မည့် ကိရိယာတစ်ခု ဖြစ်နိုင်သည်။ MSME မူဝါဒများကို အကောင်အထည်ဖော်မှု အခြေအနေများအား အကဲဖြတ်ရန်နှင့် အားနည်းနေသော အခန်းကဏ္ဍ များကို ဖော်ထုတ်ရန် ရည်ရွယ်ကာ ထို Index ကို စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) နှင့်အတူ အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနဌာန (ERIA) တို့မှ ပူးပေါင်း တွက်ချက်၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအပြင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှထုတ်ဝေခဲ့သည့် Asia’s Small and Medium-Sized Enterprise Monitor (2020, 2021) နှင့် အာဆီယံ၏ SME ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ Strategic Action Plan 2016–2025 (SAP-SMED) အတွက် Mid-term Review တို့ကိုပါ ပူးတွဲလေ့လာခြင်းဖြင့် နိုင်ငံအလိုက် အခြေအနေများကို ပိုမိုထင်ရှားစွာ သိရှိနိုင်မည်ဖြစ်သည်။
SME မူဝါဒအညွှန်းကိန်း ၂၀၁၈
မူဝါဒများ |
စင်္ကာပူ |
မလေးရှား |
ထိုင်း |
အင်ဒိုနီးရှား |
ဘရူနိုင်း |
ဖိလစ်ပိုင် |
ဗီယက်နမ် |
ကမ္ဘောဒီးယား |
လာအို |
မြန်မာ |
ကုန်ထုတ်စွမ်းအား၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု Productivity, technology and innovation |
5.8 |
5.1 |
5.0 |
4.1 |
3.4 |
4.1 |
3.5 |
2.6 |
2.8 |
2.4 |
SME များ နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများ Environmental policies and SMEs |
5.3 |
5.1 |
4.3 |
3.3 |
2.0 |
3.8 |
3.6 |
1.9 |
1.9 |
1.7 |
ဘဏ္ဍာငွေ ရရှိရေး Access to finance |
5.7 |
5.4 |
4.9 |
4.6 |
4.4 |
3.9 |
3.8 |
2.9 |
2.4 |
1.8 |
အပြည်ပြည်ဆိုင်ရာ စျေးကွက် ရရှိရေး Access to market and internationalisation |
5.9 |
5.4 |
5.4 |
5.2 |
3.4 |
5.0 |
4.2 |
2.7 |
2.5 |
2.5 |
အဖွဲ့အစည်းဆိုင်ရာ မူဘောင် Institutional framework |
5.9 |
5.9 |
4.9 |
4.4 |
4.0 |
4.4 |
4.1 |
2.6 |
2.9 |
2.2 |
ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် အခွန် Legislation, regulation and tax |
5.5 |
4.7 |
3.7 |
3.5 |
3.7 |
3.4 |
3.3 |
2.3 |
2.4 |
2.2 |
စွန်းဦးတီထွင်မှုဆိုင်ရာ ပညာရေးနှင့် ကျွမ်းကျင်မှုများ Entrepreneurial education and skills |
5.4 |
4.6 |
4.5 |
4.5 |
4.1 |
4.5 |
2.9 |
2.5 |
2.3 |
2.4 |
လူမှုအကျိုးပြုစီးပွားရေး လုပ်ငန်းများ နှင့် အများပါဝင် အကျိုးခံစားနိုင်သော စွန့်ဦးတီထွင် လုပ်ငန်းများ Social enterprises and inclusive entrepreneurship |
4.0 |
4.0 |
3.1 |
3.2 |
2.3 |
3.7 |
2.4 |
2.4 |
2.1 |
1.7 |
ပျှမ်းမျှ အညွှန်းကိန်း Average Index |
5.4 |
5.0 |
4.5 |
4.1 |
3.4 |
4.1 |
3.5 |
2.5 |
2.4 |
2.1 |
အထက်ပါ SME မူဝါဒများ အကောင်အထည်ဖော်မှုအဆင့်အပေါ် အခြေခံ၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများကို အောက်ပါအတိုင်း အမျိုးအစား (၃) မျိုး ခွဲခြားသတ်မှတ်နိုင်သည်။
· အဆင့်မြင့် နိုင်ငံများ – စင်္ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံ
· အလယ်အလတ် နိုင်ငံများ – ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်
· ဖွံ့ဖြိုးဆဲ နိုင်ငံများ – ကမ္ဘောဒီးယား၊ လာအို၊ နှင့် မြန်မာ
အချို့သော မူဝါဒများသည် SME အညွှန်းကိန်းတွက်ချက်ရာတွင် ထည့်သွင်း၍ စဉ်းစား ထားသော်လည်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုအတွက်ဦးစားပေးဖြစ်ပြီး RCEP နှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိကြပေ။ RCEP နှင့် သက်ဆိုင်သည့် MSME မူဝါဒ (၅) ခုမှာ -
· ကုန်ထုတ်စွမ်းအား၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု (Productivity, technology and innovation)
· အပြည်ပြည်ဆိုင်ရာ စျေးကွက် ရရှိရေး (Access to market and internationalization)
· အဖွဲ့အစည်းဆိုင်ရာ မူဘောင် (Institutional framework)
· ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် အခွန် (Legislation, regulation and tax)
· စွန်းဦးတီထွင်မှုဆိုင်ရာ ပညာရေးနှင့် ကျွမ်းကျင်မှုများ (Entrepreneurial education and skills)
တို့ဖြစ်ကြသည်။
စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ခြင်း
MSME များအတွက် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို စနစ်တကျဖော်ဆောင်နိုင်ရန် လုပ်ငန်းစဉ်များအား အောက်ပါဇယားအတိုင်း မူဝါဒအလိုက်၊ နိုင်ငံအမျိုးအစားအလိုက်နှင့် စတင်အကောင်အထည်ဖော်သင့်သည့်ကာလအလိုက် ခွဲခြားကာ ဆောင်ရွက်နိုင်သည်။
စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်နိုင်မှုဆိုင်ရာ RCEP လုပ်ငန်းစဉ်များ
RCEP လုပ်ငန်းစဉ်များ |
မူဝါဒများ |
နိုင်ငံ အမျိုးအစား |
စတင် ကာလ |
သတင်းအချက်အလက် မျှဝေခြင်း။ |
စွန်းဦးတီထွင်မှုဆိုင်ရာ ပညာရေးနှင့် ကျွမ်းကျင်မှုများ |
အဖွဲ့ဝင်အားလုံး |
ကာလတို |
လွယ်ကူချောမွေ့ပြီး ပွင့်လင်းမြင်သာသော ကုန်သွယ်မှု စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်း များကို ထိရောက် လျှင်မြန်စွာ အကောင် အထည်ဖော်ရန် အားပေး တိုက်တွန်းခြင်း။ |
အပြည်ပြည်ဆိုင်ရာ စျေးကွက် ရရှိရေး |
အလယ်အလတ် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ |
ကာလတို |
စျေးကွက်အသီးသီးသို့ လက်လှမ်းမီကာ ကမ္ဘာ့ တန်ဖိုးမြင့် ကွင်းဆက် (Value Chain) များတွင် ပါဝင်လုပ်ကိုင်နိုင်ရန် စီးပွားရေး လုပ်ငန်းများ အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် လွယ်ကူ ချောမွေ့စေရေးကို အားပေးခြင်း။ |
အပြည်ပြည်ဆိုင်ရာ စျေးကွက် ရရှိရေး |
အဖွဲ့ဝင်အားလုံး |
ကာလလတ် |
MSME များ၏ E-Commerce အသုံးပြုမှု မြှင့်တင်ခြင်း။ |
အပြည်ပြည်ဆိုင်ရာ စျေးကွက် ရရှိရေး |
အဖွဲ့ဝင်အားလုံး |
ကာလတို |
အဖွဲ့ဝင်များအကြား စွန့်ဦးတီထွင်မှု အစီအစဉ် (entrepreneurial programme) များဖြင့် အတွေ့အကြုံများ ဖလှယ်နိုင်မည့် အခွင့်အလမ်း များကို ဖော်ထုတ်ခြင်း။ |
စွန်းဦးတီထွင်မှုဆိုင်ရာ ပညာရေးနှင့် ကျွမ်းကျင်မှုများ |
အဖွဲ့ဝင်အားလုံး |
ကာလတို |
ဆန်းသစ်တီထွင်မှုနှင့် နည်းပညာအသုံးပြုမှုကို အားပေးခြင်း။ |
ကုန်ထုတ်စွမ်းအား၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု |
အဆင့်မြင့်နှင့် အလယ်အလတ် နိုင်ငံများက စတင် ဆောင်ရွက်ရန် |
ကာလလတ် |
MSME များအကြား ဉာဏပစ္စည်းမူပိုင်ခွင့်စနစ်ကို အသိပညာပေးမှု၊ နားလည်မှုနှင့် ထိရောက်စွာ အသုံးပြုမှုတို့ကို မြှင့်တင်ခြင်း။ |
ကုန်ထုတ်စွမ်းအား၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု |
အဆင့်မြင့်နှင့် အလယ်အလတ် နိုင်ငံများက စတင် ဆောင်ရွက်ရန် |
ကာလလတ် |
MSME များဖွံ့ဖြိုးစေမည့် စည်းမျဉ်းစည်းကမ်း၊ မူဝါဒနှင့် အစီအစဉ်များ ဖော်ဆောင်နိုင်ရန် အလေ့အကျင့်ကောင်း များနှင့် စွမ်းဆောင်ရည်များ မြှင့်တင်ပေးခြင်း။ |
ဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့် အခွန် |
အလယ်အလတ် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ |
ကာလလတ် |
MSME များ၏ စွမ်းရည်နှင့်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင် ပေးနိုင်သည့် အလေ့အကျင့်ကောင်း များကို မျှဝေပေးခြင်း တို့ဖြစ်ပါသည်။ |
ဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့် အခွန် |
အလယ်အလတ် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ |
ကာလလတ် |
မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် RCEP လုပ်ငန်းစဉ်များ
RCEP အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည် မြန်မာနိုင်ငံအနေဖြင့်လည်း MSME များ နှင့် သက်ဆိုင်သည့် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်နိုင်မှု လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်နှင့်အညီ MSME များအတွက် အောင်ပါတို့ကို ပူးပေါင်းဆောင်ရွက်နိုင်သည်။
ပြည်တွင်းတွင် စွန်းဦးတီထွင်မှုဆိုင်ရာ ပညာရေးနှင့် ကျွမ်းကျင်မှုများကို မြှင့်တင်နိုင်ရန်
· သတင်းအချက်အလက် မျှဝေခြင်းနှင့်
· အဖွဲ့ဝင်များအကြား စွန့်ဦးတီထွင်မှု အစီအစဉ်များဖြင့် အတွေ့အကြုံများ ဖလှယ်နိုင်မည့် အခွင့်အလမ်းများကို ဖော်ထုတ်ခြင်း
တို့ကို ဆောင်ရွက်သင့်ပြီး အပြည်ပြည်ဆိုင်ရာ စျေးကွက် ရရှိရေး အတွက်
· လွယ်ကူချောမွေ့ပြီး ပွင့်လင်းမြင်သာသော ကုန်သွယ်မှု စည်းမျဉ်းနှင့်လုပ်ထုံးလုပ်နည်း များကို ထိရောက် လျှင်မြန်စွာ အကောင်အထည်ဖော်ရန် အားပေးတိုက်တွန်းခြင်းနှင့်
· MSME များ၏ E-Commerce အသုံးပြုမှု မြှင့်တင်ခြင်း
စသည်ဖြင့် မူဝါဒ (၂) ခုအတွက် လုပ်ငန်းစဉ် (၄) ခုတို့ကို ကာလတိုအတွင်း စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။
နိဂုံးချုပ်
RCEP အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့် ကွဲပြားမှုများကြောင့် သဘောတူစာချုပ်မှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ (နှင့် ကုန်ကျစရိတ်) ကို မျှမျှတတခွဲဝေနိုင်စေရန်အတွက် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို လိုအပ်ပါသည်။ ထိုအစီအစဉ်များကို အသုံးချ၍ အဖွဲ့ဝင်နိုင်ငံများအားလုံး၏ ထိရောက်သော ပူးပေါင်း ပါဝင်မှုကိုလည်း ရရှိနိုင်မည် ဖြစ်သည်။
အာဆီယံ၏ SME ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ Strategic Action Plan အား ပြန်လည်၍ သုံးသပ်ထားသည် Mid-term Review ကို လေ့လာခြင်းဖြင့်လည်း ပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးရှိသော သင်ခန်းစာများ အကြံပြုချက်များကို ရရှိနိုင်မည်ဖြစ်သည်။
RCEP သည် အဆင့်ဆင့်တိုးတက်ပြောင်းလဲလာမည့် Living Document တစ်ခုဖြစ်သည်။ ။
By A&R Dept., UMFCCI