အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး MSME Development Dialogue: “အခွင့်အလမ်းများမှသည် အောင်မြင်ခြင်းဆီသို့” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေး
နိုင်ငံ့စီးပွားရေး၏ အသက်သွေးကြောဖြစ်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ MSME Development Dialogue: “အခွင့်အလမ်းများမှသည် အောင်မြင်ခြင်းဆီသို့” စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပခဲ့သည်။
ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ (၉၀) ရာခိုင်နှုန်းကျော်သည် MSMEs လုပ်ငန်းများဖြစ်သည့်အတွက် MSMEs လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးစေရေးအတွက် အသင်းချုပ်အနေဖြင့် ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီး
အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲသည် ယခင်ကျင်းပနေကျ သမားရိုးကျပုံစံ မဟုတ်ဘဲ MSMEs များအတွက် အခွင့်အလမ်းများကို Series အလိုက် ကျင်းပပြုလုပ်သွားမည့် ဆွေးနွေးပွဲတစ်ခုဖြစ်ပြီး ထိရောက် အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ ရှေ့ဆက်၍လည်း အောင်မြင်မှုရရှိခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အောင်မြင်မှု လမ်းခုလတ်တွင် ရောက်ရှိနေသည့်လုပ်ငန်းရှင်များ၏ အတွေ့အကြုံများကို မျှဝေပေးသွားမည့်ဆွေးနွေးပွဲများကိုလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ငွေကြေးအရင်းအနှီးရရှိရေးသည် မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းအများစု ရင်ဆိုင်နေရသည့် အခက်အခဲများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး MSMEs လုပ်ငန်းများစတင်နိုင်ရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရေး တို့အတွက် လိုအပ်သည့်ချေးငွေများကို ထုတ်ချေးပေးနေသည့် ဧရာဝတီဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းဝင့်ဦးက AYA Micro Loan အကြောင်းကို အကျဉ်းချုံးမိတ်ဆက်တင်ပြခဲ့သည်။
MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Network များ တိုးချဲ့တည်ဆောက်ပေးခြင်း၊ Workshop, Seminar များ ကျင်းပပေးခြင်း၊ မှန်ကန်သော စီးပွားရေးသတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ဖြန့်ဝေပေးခြင်း၊ လိုအပ်သည့်ငွေကြေးအရင်းအနှီး ထုတ်ချေးပေးခြင်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့၌ အသင်းချုပ်နှင့် AYA Bank တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ယနေ့ဆွေးနွေးပွဲကို ပထမဆုံး ကျင်းပခြင်းလည်းဖြစ်သည်။
စကားဝိုင်းဆွေးနွေးပွဲတွင် Panelists များအဖြစ် ဦးမြင့်ဇော် (အမှုဆောင်အရာရှိချုပ်၊ AYA Bank) ၊ ဦးထွန်းထွန်းနိုင် (ဒုတိယဥက္ကဋ္ဌ၊ MSME Association of Myanmar) ၊ ဒေါ်နှင်းဝေ (ဒုတိယဥက္ကဋ္ဌ၊ Myanmar Women Entrepreneurs Network-MYANWEN) တို့မှ ပါဝင်ဆွေးနွေးခဲ့ပြီး Moderator အဖြစ် ဒေါက်တာအောင်သိန်း (ဗဟိုအလုပ်အမှုဆောင်၊ ကုန်သည်စက်မှုအသင်းချုပ်) က ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
MSMEs လုပ်ငန်းများအတွက် ဈေးကွက်ရှာဖွေခြင်းနှင့် ဈေးကွက်အတွင်း ထိုးဖောက်နိုင်ရန်နည်းလမ်းများ၊ ချေးငွေထုတ်ချေးပေးမည့်ဘဏ်များ၊ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမည့် နည်းပညာရှင်၊ အတတ်ပညာရှင်များပါဝင်ပြီး စီးပွားရေးအခွင့်အလမ်းများကို ဖော်ထုတ်ဆွေးနွေးခဲ့ကြသည်။
ဦးမြင့်ဇော် (အမှုဆောင်အရာရှိချုပ်၊ AYA Bank)
- “စီးပွားရေးလုပ်တဲ့အခါမှာ Banking Knowledge ကို သိအောင်ကြိုးစားပြီး အသုံးချတတ်ဖို့လိုတယ်။ ပြီးတော့ ဖြစ်နေတဲ့အခြေအနေကို Adapt လုပ်ဖို့လိုတယ်။ Adapt လုပ်ဖို့အတွက်က တကယ် မြေပြင်အခြေအနေမှာ ဘာဖြစ်နေသလဲဆိုတာလည်း သိဖို့လိုတယ်။ ကျွန်တော်တို့ နားလည်တယ်၊ သိတယ်၊ တတ်တယ်ဆိုတဲ့ဟာတွေက ကိုဗစ်မတိုင်ခင်နဲ့ ကိုဗစ်နောက်ပိုင်းမှာ (၅၀) ရာခိုင်နှုန်းလောက်မတူတော့ဘူးဆိုတာ (၁)အချက်အနေနဲ့လက်ခံရမယ်၊ (၂)အချက် နိစ္စဒူဝလှုပ်ရှားသွားလာနေတဲ့ ကျွန်တော်တို့ရဲ့တစ်စိတ်တစ်ပိုင်းသည် စက်ရုပ်ဆန်လာတယ်၊ နံပါတ် (၃)က ရှေ့ကလူကြီးတွေပြောသွားတဲ့အလုပ်သည် (၅၀) ရာခိုင်နှုန်း ပဲ မှန်တော့မှာဖြစ်ပြီးတော့ ကိုယ့်ဟာကိုယ်ပြန်ထွင်ပြီး လုပ်ရမယ့်ဟာသည် (၅၀) ရာခိုင်နှုန်း ပဲရှိတော့မှာကို တွေ့ရမှာပဲဖြစ်ပါတယ်။”
ဦးထွန်းထွန်းနိုင် (ဒုတိယဥက္ကဋ္ဌ၊ MSME Association of Myanmar)
- “ကျွန်တော်တို့က ကြုံနေရတဲ့ပြဿနာတွေကို အခွင့်အလမ်းအနေနဲ့ ဖန်တီးရမှာဖြစ်တယ်။ အခွင့်အလမ်းတွေက နေရာတိုင်းမှာရှိတယ်။ Opportunity is everywhere. ရေထဲမှာရှိတယ်၊ လေထဲမှာရှိတယ်။ ကျွန်တော်တို့က ယူတတ်ဖို့ပဲလိုတာ။”
-
ဒေါ်နှင်းဝေ (ဒုတိယဥက္ကဋ္ဌ၊ Myanmar Women Entrepreneurs Network-MYANWEN)
- “လုပ်ငန်းကြီးပဲဖြစ်ဖြစ်၊ လုပ်ငန်းသေးပဲဖြစ်ဖြစ် လက်ရှိရှိနေတဲ့အခြေအနေကို ကောင်းကောင်းသုံးသပ်တတ်ဖို့လိုပါတယ်။ Business Industry , Business Community မှာ ဘယ်လို Policy တွေ Change နေပြီလဲ။ Policy , Rules & Regulations ပိုင်းတွေကို နားလည်ပြီးတော့မှ ကိုယ့်လုပ်ငန်းမှာ Adapt လုပ်နိုင်ပြီး အခွင့်အရေးတွေ ပိုပြီးရလာမှာဖြစ်တယ်။ Digital Marketing မှာ Update ဖြစ်နေတဲ့အရာတွေကိုလည်း Continuous Learning လုပ်နေဖို့လိုပါတယ်။”
ကုန်သည်စက်မှုအသင်းချုပ်
Tags: